ငါ့ရဲ့ခရီးလမ်းက
ဘယ်ထိရှည်လဲ ငါမသိချင်ဘူး ..
ငါ့ရဲ့ အချိန်တွေ
ဘယ်လောက်ကျန်သေးလဲ ငါမသိချင်ဘူး ..
ငါ့ မျှော်လင့်ချက်တွေ
ဘယ်နေ့ပြည့်မလဲ ငါ မတွေးချင်ဘူး ..
ငါ့သောကတွေ
ဘယ်ချိန်ကင်းဝေးမလဲ ငါ မစဉ်းစားချင်ဘူး ...
ငါ လျှောက်နေတဲ့လမ်းမှာ
ငါ သွားနေတဲ့ခရီးမှာ
ငါ့ပန်းတိုင်မရောက်သေးသမျှ
တွေ့သမျှလူ ကူညီ
သူတို့လိုတာပေး
သူတို့အတွက် ရေတစ်စက်အဖြစ်
ငါရပ်တည်အုံးမှာပါ။
ငါ့လိုဒဏ်ရာတွေနဲ့ ...
ငါ့လို အနာတွေနဲ့ ..
ငါ့လို မျက်ရည်တွေနဲ့ ....
ငါ့လို လမ်းပျောက်မသွားအောင် ....
ငါ့လို စိတ်ဓာတ်မပြိုလဲအောင် ...
သွန်သင်ပေးအုံးမှာပါ။
အလဲလဲ အကွဲကွဲနဲ့
ငတ်တလှည့် ပြတ်တလှည့်
ငါသွားနေတဲ့ အချိန်မှာ
ကူညီမယ့်လူ ဖေးမမယ့်လူ
တစ်ယောက်မှ မရှိခဲ့ပေမယ့်
ငါ့ဆီလာရင်တော့
အကောင်းဆုံးလက်ဆောင်တွေ
ငါ ပြန်ပေးမှာပါ။
ဒီဘ၀ ဒီမျှနဲ့
ရှိသမျှ ၀ဋ်ကြွေးတွေ
ကျေပါစေတော့လို့
ငါ ပြုသမျှ ကုသိုလ်တိုင်းမှာ ဆုတောင်း
မှိန်ပျပျတောင် မမြင်ရသေးတဲ့
ပန်းတိုင်ဆီကို တရွေ့ရွေ့လှမ်းနေတဲ့ငါ
ငါဟာ ..
ခဏအလည်လာတဲ့ သံသရာခရီးသည်ပါ။
လွမ်းဆုလေး
No comments:
Post a Comment